[Burmese/မြန်မာ] လျှပ်စစ်နှင့် ရေ ချွေတာရေး အိမ်ငှားလမ်းညွှန်

A renter's guide to saving energy and water

Publisher

Australian Government

Date

လျှပ်စစ်နှင့် ရေ ချွေတာရေး လုပ်ဆောင်ချက်များမှ ကောင်းကျိုးရရှိရန် သင်အနေဖြင့် အိမ်ပိုင်ရှင်ဖြစ်ရန် မလိုအပ်ပါ။ သြစတြေးလျနိုင်ငံသား သုံးပုံတစ်ပုံခန့်သည် အိမ်ငှားရမ်းနေကြပြီး၊ အငှားအိမ်တွင် သင် ပြုပြင်ပြောင်းလဲနိုင်သည်များမှာ အကန့်အသတ် ရှိသော်လည်း နေရောင်ခြည်စွမ်းအင်ပြားများနှင့် မိုးရေလှောင်ကန်များ မသုံးစွဲနိုင်သည့်တိုင် သင့်အတွက် မီတာခများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချပေးနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ အမှန်စင်စစ် လျှပ်စစ်နှင့်ရေ ချွေတာစေရန် သင် လုပ်နိုင်သည့် အကျိုးရှိသည့်နည်းအချို့သည် သင့်အတွက် စရိတ် လုံးဝမကုန်ကျစေဘဲ သင်၏ နေ့စဥ်အလေ့အထများအား အနည်းငယ် ပြောင်းလဲပေးခြင်းကို အလေးထား၍ လုပ်ဆောင်ခြင်းဖြစ်သည်။

သင် ရေတိုဖြစ်ဖြစ် ရေရှည်ဖြစ်ဖြစ် အိမ်ငှားနေသည် ဖြစ်စေကာမူ လျှပ်စစ်မီးနှင့်ရေသုံးစွဲမှု လျှော့ချနိုင်ရန်နှင့် တစ်နှစ်အတွင်း ဒေါ်လာရာချီ သက်သာစေရန်အတွက် အဆင်ပြေမှု၊ နေထိုင်မှုဘဝကို မထိခိုက်စေဘဲ သင် လုပ်နိုင်သည့် ရိုးရှင်းပြီး ကုန်ကျစရိတ်နည်းသော အရာများစွာ ရှိပါသည်။

လျှပ်စစ်ချွေတာစေသော အကြံဉာဏ်များ

လျှပ်စစ် သုံးစွဲမှုထိရောက်ခြင်း (ထိရောက်သော လျှပ်စစ်မီးသုံးစွဲမှုဟုလည်း ခေါ်သည်) သည် စွမ်းဆောင်ရည်အဆင့် တူညီစွာရှိမှု၊ သက်သောင့်သက်သာရှိမှု၊ အဆင်ပြေသက်သာမှု အတွက် လျှပ်စစ်မီးနည်းစွာ အသုံးပြုခြင်းအကြောင်း ဖြစ်ပါသည်။ အိမ်ထောင်စု လျှပ်စစ်မီးသုံးစွဲမှုနှင့် မီတာခများကို လျှော့ချရန် ဤလက်တွေ့ကျသော အဆင့်များကို စမ်းသုံးကြည့်ပါ။

  • လျှပ်စစ်စွမ်းအင်-သုံးစွဲမှုထိရောက်သော အိမ်သုံးပစ္စည်းများကို ရွေးသုံးပါ အိမ်သုံးပစ္စည်းများသည် သင့်အိမ်လျှပ်စစ်မီးသုံးစွဲမှု၏ ၃၀ ရာခိုင်နှုန်းအထိ ကုန်ကျနိုင်သောကြောင့် သင်ရွေးသုံးသည့် အိမ်သုံးပစ္စည်းအမျိုးအစားနှင့် သင်သုံးစွဲပုံသည် သင်၏ လျှပ်စစ်မီးသုံးစွဲမှုနှင့် မီတာခများအပေါ် သိသိသာသာ ပြောင်းလဲစေပါသည်။ သင် အိမ်သုံးပစ္စည်းအသစ် ဝယ်ယူနေသည့်အခါ လျှပ်စစ်-သုံးစွဲမှုထိရောက်သော အမျိုးအစားကို ဝယ်ယူရန် စဥ်းစားပါ။ လျှပ်စစ် သုံးစွဲပုံထိရောက်မှုပြသသည့် စွမ်းအင် သုံးစွဲမှုအဆင့် အမှတ်အသားစာတမ်းကို ကြည့်ရှုပါ၊ ကြယ်များများ ရှိလေ၊ စွမ်းအင်သုံးစွဲမှုနှင့် ကုန်ကျငွေ များများချွေတာနိုင်လေ ဖြစ်ပါသည်။
  • အပူချိန် ထိန်းခြင်း လေပူလေအေးပေးခြင်းသည် အိမ်လျှပ်စစ်မီးသုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ ဆောင်းရာသီ၌ အပူချိန်ကို ၁၈-၂၀ ဒီဂရီစင်တီဂရိတ်ချိန်ထားရန် စဉ်းစားပါ။ နွေရာသီတွင် လေအေးစက်အပူချိန်ကို ၂၅-၂၇ ဒီဂရီစင်တီဂရိတ် ချိန်ထားပါ။ သင့်အိမ်အား လေပူပေးရန်နှင့် လေအေးပေးရန် အသုံးပြုသည့် လျှပ်စစ်ကို အပူချိန် တစ်ဒီဂရီမျှသာ တိုးလိုက်ခြင်း (သို့မဟုတ် လျှော့လိုက်ခြင်း) အားဖြင့် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါသည်။ လေအေးပေးစက် သို့မဟုတ် လေပူပေးစက် ဖွင့်ထားသည့်အခါ သင် မသုံးသည့်အခန်းများ၏ အတွင်းတံခါးများ ပိတ်ထားပါ။
  • ဟာကွက်များနှင့် အက်ကွဲကြောင်းများ ပိတ်ခြင်း သင့်အိမ်အတွင်းသို့ ပြင်ပလေမဝင်စေရန် ပြုလုပ်ခြင်းနှင့် လေပူလေအေးများ ဟာကွက်အက်ကြောင်းများမှ တစ်ဆင့် စိမ့်ထွက်မှုကို တားဆီးခြင်းအားဖြင့် မီတာခ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါသည်။ တံခါးအောက်မှလေစိမ့်ထွက်ခြင်းကို တားဆီးရန် သဲဖြည့်ထားသည့် အဝတ် ပြင်ပလေကာ (မြွေရှည်ရှည်နှင့်တူသော)ကို သုံး၍ပိတ်ပါ၊ ပြတင်းပေါက်များ၊ ကြမ်းခင်းများ၊ နံရံအောက်ခြေများ၊ အမိုးအလင်းပေါက်များနှင့် နဖူးစည်းများကို အပူအအေးခံကော်ကိုသုံး၍ တံခါးအောက်ခြေကိုပိတ်ပါ။ အပူအအေးခံကော်မသုံးမီ သင့်အိမ်ရှင်ခွင့်ပြုကြောင်း စိစစ်ပါ။
  • ပြတင်းပေါက် လေမတိုးစေရန် ပိုမိုကာကွယ်ပေးခြင်း လေပူ ပြတင်းပေါက်မှ စိမ့်ထွက်ဆုံးရှုံးခြင်းကို ကာကွယ်ရန် ခန်းဆီးများ ကန့်လန့်ကာများကို ပြတင်းပေါက်နှင့်ကွက်တိတပ်ဆင်၍ လေခိုနေအောင် လုပ်ဆောင်ပါ။ ထို့အပြင် ဆောင်းရာသီ၌ ကန့်လန့်ကာကို နေ့အချိန် နေရောင်ဝင်ရန် ဖွင့်ထားနိုင်ပြီး ညမမှောင်ခင် ပိတ်ထားနိုင်ပါသည်။ အလားတူပင် နွေရာသီတွင် နေ့ခင်း အပူဆုံးအချိန်ကာလတွင် ကန့်လန့်ကာ ပိတ်ထားနိုင်ပါသည်။
  • လေအေးပေးစက်အစား ပန်ကာ ရွေးသုံးခြင်း မျက်နှာကြက်နှင့် မတ်တပ်သုံး ပန်ကာများ သုံးစွဲခြင်းသည် တစ်နာရီလျှင် တစ်ပြားခန့်သာ ကုန်ကျပြီး ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှုမှာ လေအေးစက်ထက် ပိုမိုနည်းပါးပါသည်။ ပန်ကာများသည် လေလည်ပတ်မှုကို အထောက်အကူပြုသည့်အပြင် လေအေးပေးစနစ်ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ကာ ဆောင်းရာသီတွင် လေပူလည်ပတ်ပေးပြီး အပူပေးခြင်းကို ပိုမိုထိရောက်မှုရှိပါသည်။
  • လျှပ်စစ်-သုံးစွဲမှုထိရောက်သောမီးလုံးဖြင့် လျှပ်စစ်မီးထွန်းခြင်းကို အစားထိုးသုံးစွဲခြင်း လျှပ်စစ်မီးထွန်းခြင်းမှာ အိမ်စွမ်းအင်သုံးစွဲမှု၏ ၇ ရာခိုင်နှုန်းခန့် ရှိပါသည်။ လျှပ်စစ်-သုံးစွဲမှုထိရောက်သော မီးလုံးဖြင့် အစားထိုး လျှပ်စစ်မီးထွန်းခြင်းနှင့် လျှပ်စစ်မီးများကို ထိရောက်စွာ သုံးခြင်းအားဖြင့် မီးထွန်းရသည့်ကုန်ကျစရိတ်များကို ထက်ဝက် သက်သာနိုင်ပါသည်။ မီးလုံးအဟောင်းများကို ခေတ်ပေါ် မီးလုံးများ (CFLs) သို့မဟုတ် အဲလ်အီးဒီ မီးလုံးများ (LEDs) ဖြင့် အစားထိုးလိုက်ခြင်းသည် လျှပ်စစ်သုံးစွဲမှုစရိတ်များ အပေါ် စျေးသက်သာသည့် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ခေတ်ပေါ် (CFLs) မီးလုံးများ သုံးစွဲမှုသည် မီးလုံးအဟောင်းများသုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ကို သုံးစွဲကြပြီး ၄ ဆမှ ၄၀ ဆ အကြား ပို၍ကြာကြာ အသုံးခံပါသည်။
  • လျှပ်စစ်မီး အဆင်သင့်ဖွင့်ထားခြင်း ဖုန်းအားသွင်းစက်များ၊ လျှပ်စစ်သုံးပစ္စည်းများ၊ မိုက်ကရိုဝေ့ဖိုများနှင့် စတီရီယိုများကဲ့သို့ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်သုံးကိရိယာ အမြောက်အမြားသည် အသုံးမပြုသည့်အချိန်၌ မီးအားကို ဆက်လက် သုံးစွဲနေပါသည်။ ဤအဆင်သင့်မီးဖွင့်ထားခြင်းကြောင့် မီးအားသည် သင့်အိမ်ထောင်စု လျှပ်စစ်သုံးစွဲမှု၏ ၁၀ ရာခိုင်နှုန်း ကုန်ကျနိုင်ပါသည်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်သုံး ကိရိယာများကို သုံးစွဲပြီးသည့်အခါ နံရံကပ်မီးခလုတ်ကို ပိတ်လိုက်ခြင်းအားဖြင့် လျှပ်စစ်သုံးစွဲမှုနှင့် မီတာခ နှစ်မျိုးလုံးကို သင် လျှော့ချနိုင်ပါသည်။ မီးအနည်းငယ်လင်းနေပါက သို့မဟုတ် နာရီပြနေပါက၊ ၎င်းသည် မီးအား သုံးစွဲနေပါသည်။
  • ရေခဲသေတ္တာများနှင့် ရေခဲခန်းများ သင့်ရေခဲသေတ္တာအတွက် အကောင်းဆုံးအပူချိန်မှာ ၃ နှင့် ၅ ဒီဂရီစင်တီဂရိတ်အကြား ဖြစ်ပြီး ရေခဲခန်းအတွက် အနုတ် ၁၅ မှ အနုတ် ၁၈ ဒီဂရီစင်တီဂရိတ်အကြား ဖြစ်ပါသည်။ တစ်ဒီဂရီ နိမ့်ကျတိုင်း စွမ်းအင် ၅ ရာခိုင်နှုန်း ပိုမိုသုံးစွဲပါသည်။ ရေခဲသေတ္တာနှင့် ရေခဲခန်း၏ လျှပ်စစ် သုံးစွဲမှု ထိရောက်ခြင်းကို တိုးမြှင့်ပေးရန် ရေခဲခန်းအတွင်း ရေခဲမှုန်ထူထပ်လာခြင်းကို ဖယ်ရှားပြီး လေဝင်လေထွက်ကောင်းအောင် ၎င်းတို့ပတ်ဝန်းကျင်တွင် ၅-၈ စင်တီမီတာ နေရာခြားထားပါ။ ဧည့်ခံဖျော်ဖြေပွဲအတွက် ရေခဲသေတ္တာတစ်လုံး အပိုရှိပါက လိုအပ်သည့်အခါမှသာ ဖွင့်ပါ။
  • အဝတ်လျော်ခြင်းနှင့် အခြောက်ခံခြင်း အဝတ်လျော်စက်ကို သုံးသည့်အခါ လျှပ်စစ်နှင့် ရေ ချွေတာရန်အတွက် ဖြစ်နိုင်ပါက အချိန်အတိုဆုံး သုံးစွဲမှုနှင့် ရေအေးကို အသုံးပြုပါ၊ အဝတ်ပမာဏနှင့် ကိုက်ညီသည့်ရေအတိုင်းအတာကို ညှိပါ၊ အဝတ်လျော်စက်အပြည့် အဝတ်ရှိသည်အထိ စောင့်ဆိုင်းပါ။ လျှပ်စစ် အဝတ်ခြောက်ခံစက် သုံးမည့်အစား အဝတ်ကြိုးတန်းတွင် အဝတ်လှန်း၍အခြောက်ခံပါ - ၎င်းသည် အခမဲ့ ဖြစ်ပါသည်။

ရေချွေတာခြင်း အကြံဉာဏ်များ

ရေကို ထိထိရောက်ရောက်သုံးစွဲခြင်းသည် ရေတစ်စက်၊ ငွေတစ်ဒေါ်လာတိုင်းကို ချွေတာရာရောက်ပါသည်။ အနာဂတ်အတွက် ရေလုံလောက်စေရန် အိမ်နှင့် ခြံတွင် ရေထိရောက်စွာသုံးစွဲနိုင်သည့်လုပ်ဆောင်ချက်များစွာ ရှိပါသည်။

  • ရေသုံးစွဲမှု ထိရောက်သော အိမ်သုံးလျပ်စစ်ပစ္စည်းများ နှင့် အသေတပ်ဆင်သုံးစွဲသည့်ပစ္စည်းများကို သုံးစွဲပါ။ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ အသုံးအဆောင်ပစ္စည်း အသစ်တစ်ခုကို ဝယ်ယူသည့်အခါ ရေသုံးစွဲမှု ထိရောက်သော အမျိုးအစားကို ရွေးဝယ်ပါ။ ရေသုံးစွဲမှုထိရောက်သော အဆင့်သတ်မှတ်ချက်စာတမ်းနှင့် စံနှုန်းအဆင့်ခွဲခြားမှု (WELS) ကို ရှာဖွေပါ။
  • ရေပိုက်ခေါင်းများကို ထိရောက်စွာသုံးစွဲခြင်း တစ်စက္ကန့် ရေတစ်စက်နှုန်းဖြင့် ရေပိုက်ခေါင်းမှ ရေယိုနေခြင်းသည် တစ်နှစ်လျှင် ရေ ၁၂ ၀၀၀ လီတာကျော် ယိုဖိတ်ဆုံးရှုံးပါသည်။ ရေယိုနေသည့် ရေပိုက်ခေါင်းများကို အမြန်ဆုံးပြုပြင်ပေးခြင်းဖြင့် ရေကိုချွေတာပါ။ ရေထွက်နည်းစေသည့်ပိုက်ခေါင်းရေအကာများကို ရေပိုက်ခေါင်းတွင် တပ်ဆင်ခြင်းအားဖြင့် ရေသုံးစွဲမှုကို လျှော့ချနိုင်ပါသည်။ ထိုရေအကာများသည် ရေစီးအားကို နည်းစေပြီး ရေပိုက်ခေါင်း အတွင်း သို့မဟုတ် အပြင်တွင် တပ်ဆင်နိုင်သည်။ မတပ်ဆင်မီ သင့်အိမ်ရှင်၏ ခွင့်ပြုချက်စိစစ်ရန် လိုအပ်နိုင်သည်။
  • ရေသုံးစွဲမှုထိရောက်သော ရေပန်းခေါင်းများ တပ်ဆင်ခြင်း အကယ်၍ သင့်တွင် ရေသုံးစွဲမှု မထိရောက်သော ရေပန်းခေါင်းများရှိပါက ၎င်းတို့ကို ရေသုံးစွဲမှုထိရောက်သော အမျိုးအစားများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ပေးရန် သင့်အိမ်ရှင်နှင့် ဆွေးနွေးပါ၊ ၎င်းတို့သည် ရေ သုံးပုံတစ်ပုံခန်ု့သာ သုံးစွဲပြီး မီတာခနှင့် ရေဖိုးတောင်းခံလွှာများတွင် တစ်နှစ် ဒေါ်လာ ၂၀၀ ကျော် ပိုမိုသက်သာနိုင်သောကြောင့် ဖြစ်ပါသည်။
  • အိမ်သာရေဆွဲချခြင်း ရေဆွဲချသည့်ပုံစံနှစ်မျိုးအိမ်သာ အသုံးပြုနေပါက လိုအပ်သလို ရေထက်ဝက် သုံးနိုင်ပါသည်။ အကယ်၍ သင့်အိမ်ရှင်က ရေဆွဲချနည်းတစ်မျိုးတည်းပါသော အိမ်သာကို အစားထိုးလဲလှယ်နေပါက ရေသုံးစွဲမှုထိရောက်သော ရေဆွဲချနည်း နှစ်မျိုးပါ အမျိုးအစားကို လဲလှယ်ပေးရန်အကြံပြုပါ၊ ၎င်းသည် လူတစ်ဦးလျှင် နေ့စဥ် ရေ ၅၁ လီတာ ချွေတာနိုင်သောကြောင့်ဖြစ်သည်။ ထိုသို့ မဖြစ်နိုင်ပါက ရေပမာဏ လျှော့ချရန် အိမ်သာရေဆွဲကန်အတွင်း ရေနည်းစေမည့်ကိရိယာကို သင် ဝယ်ယူနိုင်သည် သို့မဟုတ် ရေဖြည့်ထားသည့်ပလတ်စတစ်ဘူးကို ရေဆွဲကန်တွင်း ထားနိုင်သည်။
  • ခြံ ရေသုံးစွဲမှု လျှော့ပါ ပုံမှန်မြက်ခင်းပြင်သည် ရေလောင်းသည့်ရေ၏ ၉၀ ရာခိုင်နှုန်းအထိ ရေသုံးစွဲနိုင်သည်။ သင့်မြက်ရိတ်စက်ကို ၄ စင်တီမီတာ သို့မဟုတ် ထို့ထက်ပို၍ ရိတ်ပေးရန် ချိန်ထားခြင်းဖြင့် ရေသုံးစွဲမှုကို လျှော့ချပေးနိုင်သည်။ ရေလောင်းနည်းများ တိုးမြှင့်ပေးခြင်းနှင့် ရေသုံးစွဲမှုထိရောက်သောပစ္စည်းများရွေးသုံးခြင်းဖြင့် သင့်ခြံ ရေသုံးစွဲမှုကိုလည်း လျှော့ချပေးနိုင်ပါသည်။

အိမ်ငှါး၏ ရင်းမြစ်များ

သင့်အိမ်ရှင် သို့မဟုတ် အိမ်ကိုယ်စားလှယ်နှင့် ပြောဆိုခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးတိုးတက်မှုများအပါအဝင် ပြုပြင်မှုများ၊ စစ်ဆေးမွမ်းမံခြင်း၊ ထိန်းသိမ်းခြင်းတို့အတွက် သာမန်အားဖြင့် သင့်အိမ်ရှင်ထံမှ ခွင့်ပြုချက် (နှင့် ငွေကြေး) လိုအပ်ပါမည်။ ပြည်နယ်နှင့်အုပ်ချုပ်ခံနယ်မြေတိုင်းတွင် အိမ်ငှါးများအတွက် မတူညီသော ဥပဒေများ ရှိပါသည်၊ ထို့ကြောင့် အိမ် ပြုပြင်မှုများ မလုပ်မီ လေ့လာရန်နှင့် ခွင့်ပြုချက်ရယူရန် အရေးကြီးပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးတိုးမြှင့်မှုများ တောင်းခံရန်အတွက် သင့်အိမ်ရှင် သို့မဟုတ် အိမ်ကိုယ်စားလှယ်ကို ချဥ်းကပ်သည့်အခါ စဉ်းစားသင့်သော အချက်များမှာ-

  • ပြန်အမ်းငွေများနှင့် ပံ့ပိုးကူညီမှု ပတ်ဝန်းကျင်ထိန်းသိမ်းရေးတိုးမြှင့်မှုများ ပြုလုပ်ခြင်းအတွက် အိမ်ပိုင်ရှင်များသို့ အစိုးရ ပြန်အမ်းငွေများနှင့် ပံ့ပိုးကူညီမှု များစွာ ရှိပါသည်။ သင့်တောင်းခံချက်ကို အထောက်အကူပြုရန် သင့်အိမ်ရှင်အတွက် သင် လေ့လာမှုအချို့လုပ်နိုင်ပြီး၊ သင့်အခြေအနေနှင့်သက်ဆိုင်သည့်အရာကို ရှာဖွေရန် ပြန်အမ်းငွေများနှင့် ပံ့ပိုးကူညီမှုအပိုင်းတွင် လေ့လာပါ။
  • အခွန် ခုနှိမ်နိုင်သောကုန်ကျငွေများ အိမ်တိုးချဲ့မွမ်းမံမှုများအပြင် ပြုပြင်မှုများနှင့် ထိန်းသိမ်းမွမ်းမံမှုများကိုလည်း အခွန်ခုနှိမ်နိုင်ပါသည်။ သင့်အိမ်ထောင်စုနှင့် သက်ဆိုင်သည်များကို သိရှိရန်အပြင် အိမ်ပိုင်ရှင်များအတွက် သတင်းကောင်းများကို ပေးနိုင်ရန်အတွက် သြစတြေးလျအခွန်ရုံး၏ 'အငှားချထားသည့်အိမ် ပိုင်ရှင်များအတွက်လမ်းညွှန်'ကို သင် လေ့လာပါ။
  • ရင်းနှီးမြှုပ်နှံမှု ကောင်းကျိုးများ။ အိမ်ထောင်စု စွမ်းအင်နှင့်ရေ ထိရောက်သောသုံးစွဲမှုရှိသည့် အိမ်တိုးချဲ့မွမ်းမံမှုများလုပ်၍ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် သင့်အိမ်ရှင်သည် အိမ်တန်ဖိုး တိုးမြှင့်စေနိုင်ပြီး အနာဂတ် အိမ်ဝယ်ယူသူများနှင့် အိမ်ငှါးများသို့ ပိုမိုစွဲဆောင်ရာရောက်ပါသည်။

သင့်အိမ်ရှင် သို့မဟုတ် အိမ်ကိုယ်စားလှယ်သို့ တောင်းခံမှုများကို စာဖြင့် ရေးသားပါ။ တောင်းခံမှုအားလုံး၏ မှတ်တမ်းကို သိမ်းဆည်းထားရမည့်အပြင် ပြောင်းလဲပြင်ဆင်မှုများ သို့မဟုတ် တိုးချဲ့မွမ်းမံမှုများ လုပ်ရန် သင့် အိမ်ရှင် သို့မဟုတ် အိမ်ကိုယ်စားလှယ်ထံမှ သဘောတူညီချက်များကိုလည်း သိမ်းဆည်းထားပါ။

ပိုမိုသိလိုပြီး စရိတ်ပိုမိုသက်သာလိုပါသလား။

စွမ်းအင်၊ စွန့်ပစ်ပစ္စည်း၊ ရေနှင့် ခရီးသွားထိရောက်မှုနှင့်ပတ်သက်၍ လက်တွေ့ကျသော အကြံဉာဏ်များစွာသာမက အစိုးရ ပံ့ပိုးမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အင်္ဂလိပ်ဘာသာစကားဖြင့် ဝဘ်ဆိုဒ် www.energy.gov.au website တွင်ရရှိနိုင်ပါသည်။

တာဝန်မယူငြင်းဆိုချက်

ပြည်ထောင်စုသည် ဘာသာပြန်ဆိုထားသည့် စာရွက်စာတမ်း၏ စစ်မှန်မှုကို အာမမခံသည့်အပြင် မူရင်းစာရွက်စာတမ်းတွင်သော်လည်းကောင်း သို့မဟုတ် ဤဘာသာပြန်ဆိုချက်တွင်သော်လည်းကောင်း ပါဝင်သည့် အချက်အလက်တစ်စုံတစ်ရာ၏ တိကျမှု သို့မဟုတ် အခြားနည်း အပေါ် မည်သည့်အမြင်ယူဆချက်မျှ မထုတ်ပြန်ပါ။ ပြည်ထောင်စုသည် ဤဘာသာပြန်ဆိုချက်၏ တိကျမှု အပါအဝင် ဤဘာသာပြန်ဆိုချက်နှင့်စပ်လျဥ်း၍ အာမမခံပါ။ ပြည်ထောင်စုနှင့်၎င်း၏ အရာရှိများ၊ ဝန်ထမ်းများ သို့မဟုတ် ကိုယ်စားလှယ်များသည် ဤဘာသာပြန်ဆိုချက်ကို လူတစ်ဦးဦး၏ အသုံးပြုမှု သို့မဟုတ် အားထားမှု အဆိုပါ အသုံးပြုမှု သို့မဟုတ် အားထားမှုမှာ အချက်အလက် သို့မဟုတ် ကိုယ်စားလှယ်ရုံးမှပေးသည့် အကြံဉာဏ် အပေါ် အခြေခံသည်ဖြစ်စေ သို့မဟုတ် အခြေမခံသည်ဖြစ်စေ တို့မှတိုက်ရိုက်သော်လည်းကောင်း သို့မဟုတ် သွယ်ဝိုက်၍သော်လည်းကောင်း ပေါ်ပေါက်လာသော ပျက်စီးမှု၊ ဆုံးရှုံးမှု တစ်စုံတစ်ရာအတွက် တာဝန်ခံမည် မဟုတ်ပါ။