[Burmese/မြန်မာ] သင့်အိမ်၌ စွမ်းအင်နှင့်ငွေ ချွေတာနည်းများအတွက် အကြံဉာဏ်ကောင်း ၅ မျိုး

5 bright ideas for saving energy and money in your home

Publisher

Australian Government

Date

မီတာခစျေးနှုန်းများ မြင့်တက်နေသည့်အတွက် လူအများအပြားသည် အိမ်၌ လျှပ်စစ်မီး လျှော့သုံးရန် နည်းလမ်းများ ရှာဖွေလာကြသည်။ သတင်းကောင်းမှာ သင် ရိုးရိုးရှင်းရှင်း စရိတ်မကုန်ကျသော ယခုပင် လုပ်ဆောင်နိုင်သည့် အရာများစွာ ရှိပါသည်။ ဤအကြံဉာဏ်အချို့ကို စမ်းလုပ်ကြည့်ခြင်း၊ နေ့စဥ် လုပ်နေကျများ အနည်းငယ် ပြောင်းလဲပေးခြင်းအားဖြင့် ငွေကြေးသက်သာသွားနိုင်ပြီး အဆင်ပြေစွာ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ပေးနိုင်ပါသည်။

  1. ရေပူရေနွေး လျှော့သုံးခြင်း

    ပျမ်းမျှ အိမ်ထောင်စု မီတာခ၏ ၂၅ ရာခိုင်နှုန်းခန့်သည် ရေပူကုန်ကျစရိတ်ဖြစ်ပါသည်။ ထိုကုန်ကျမှု လျော့ချနိုင်သောနည်းလမ်းများမှာ အဝတ်များကို အဝတ်လျော်စက် ပြည့်သွားသည်အထိ စောင့်ဆိုင်းပြီး ရေအေးဖြင့်လျော်ဖွတ်ခြင်း၊ ပန်းကန်ဆေးစက်ပြည့်မှသာ အသုံးပြုခြင်း၊ ရေအထွက်နည်း ရေပန်းခေါင်း တပ်ဆင်ခြင်း (ရေဖိုးချက်ချင်း သက်သာခြင်းဖြင့် ရေပန်းခေါင်း အဖိုးအခကိုကာမိပါမည်) နှင့် ရေချိုးချိန်လျှော့ချခြင်းတို့ ဖြစ်ပါသည်။

  2. စွမ်းအားသုံးစွဲမှုထိရောက်သော အိမ်သုံးပစ္စည်းများ ရွေးသုံးခြင်း

    သင့်စွမ်းအင်သုံးစွဲမှု မီတာခ၏ သုံးပုံတစ်ပုံအထိသည် အိမ်သုံးပစ္စည်းများအတွက်ဖြစ်နိုင်သည်။ အကယ်၍ သင်သည် ရေခဲသေတ္တာ၊ ရေခဲခန်း၊ ရုပ်မြင်သံကြား၊ အဝတ်လျော်စက်၊ အဝတ်အခြောက်ခံစက်၊ ပန်းကန်ဆေးစက်၊ လေအေးစက်စသည့် ပစ္စည်းအသစ်များ ဝယ်ယူပါက စွမ်းအင်သုံးစွဲမှုနှုန်းပြသော တံဆိပ် အမှတ်အသားကို ကြည့်ရှုပါ၊ ကြယ်များများ ရှိလေ၊ စွမ်းအင်သုံးစွဲမှု နည်းလေဖြစ်ပါသည်။ ကြယ်အမှတ်အသားအရေအတွက် များများပါသော စက်များသည် အနည်းငယ် စျေးကြီးနိုင်သော်လည်း၊ စျေးပေါသော စွမ်းအင်သုံးထိရောက်မှု နည်းသည့်စက်ကို ရွေးချယ်ခြင်းသည် ရေရှည်တွင် အကုန်အကျ ပိုမိုများသွားနိုင်ပါသည်။

  3. အိမ်သုံးပစ္စည်းများကို ချင့်ချိန်သုံးစွဲခြင်း

    မိုက်ကရိုဝေ့မီးဖို၊ ရုပ်မြင်သံကြားနှင့် ဂိမ်းကစားစက်ခုံများကဲ့သို့ စက်များအား 'အဆင်သင့်ဖွင့်ထားခြင်း'သည် သင့်မီတာခ၏ ၁၀ ရာခိုင်နှုန်း ကုန်ကျနိုင်သည်။ မီးအနည်းငယ်လင်းနေပါက သို့မဟုတ် နာရီပြနေပါက၊ ၎င်းသည် မီးအား သုံးစွဲနေပါသည်။ အိမ်သုံးပစ္စည်းများအသုံးမပြုသည့်အချိန်တွင် နံရံကပ်မီးခလုတ်ကိုပိတ်ထားခြင်း၊ မလိုအပ်သည့် အပို ရေခဲသေတ္တာ၊ ရေခဲခန်းများကို ဖယ်ရှားခြင်းနှင့် အဝတ်များကို အခြောက်ခံစက်အစား ကြိုးတန်းဖြင့် လှန်းခြင်းအားဖြင့် သုံးစွဲခကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ပါသည်။

  4. သုံးစွဲမှုထိရောက်စွာဖြင့် လေပူလေအေးပေးခြင်း

    လေပူလေအေးပေးခြင်းကို တစ်ဒီဂရီစီ မြင့်တင်ခြင်းအားဖြင့် စွမ်းအင်သုံးစွဲမှု ပမာဏမှာ ၅ မှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါမည်။ သင့်မီတာခ ကုန်ကျစရိတ် နည်းပါးစေရန် အပူချိန်ကို ဆောင်းရာသီ၌ ၁၈-၂၀ ဒီဂရီစင်တီဂရိတ်နှင့် နွေရာသီ၌ ၂၅-၂၇ ဒီဂရီစင်တီဂရိတ် ချိန်ထားပါ။ အိမ်အတွင်းတံခါးများ ပိတ်ထားခြင်းနှင့် သင်အသုံးပြုနေသည့် အခန်းများကိုသာ လေပူလေအေးပေးခြင်းအားဖြင့် အသုံးပြုနေသော စွမ်းအင်အများစုကို ထိရောက်စွာ သုံးစွဲရာ ရောက်ပါသည်။

  5. သင့်အိမ်တွင်းသို့ ပြင်ပလေ အဝင်မခံခြင်း

    ပြင်ပလေ အဝင်မခံခြင်းသည် အိမ်အတွင်း သက်သောင့်သက်သာရှိစေပြီး လေပူလေအေးပေးသည့် စရိတ်လေးပုံတစ်ပုံ သက်သာစေရန်အတွက် ကုန်ကျနည်းပြီးလွယ်ကူသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ တံခါးများ၊ ကြမ်းများ၊ ပြတင်းပေါက်များနှင့် နံရံအောက်ခြေများအကြားရှိ လွတ်နေသော ဟာကွက်များကို ပိတ်ထားခြင်းအပြင် သဲဖြည့်ထားသော သို့မဟုတ် အဝတ်နှင့်လုပ်ထားသော 'အချောင်းရှည်'ပုံ ပြင်ပလေကာများအသုံးပြုခြင်းသည် 'ကိုယ်တိုင်လုပ်နိုင်သည့်' နည်းလမ်းများဖြစ်ပါသည်။

ပိုမိုသိလိုပြီး စရိတ်ပိုမိုသက်သာလိုပါသလား။

စွမ်းအင်၊ စွန့်ပစ်ပစ္စည်း၊ ရေနှင့် ခရီးသွားထိရောက်မှုနှင့်ပတ်သက်၍ လက်တွေ့ကျသော အကြံဉာဏ်များစွာသာမက အစိုးရ ပံ့ပိုးမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အင်္ဂလိပ်ဘာသာစကားဖြင့် ဝဘ်ဆိုဒ် www.energy.gov.au website တွင်ရရှိနိုင်ပါသည်။